
ဖေဖေါ်ဝါရီအတွက်ရိုးလွန်းတဲ့ကဗျာ
အိုင်ယာလန်မလေး.....
ြ့မန်မာသွေး မစစ်တဲ့ မြန်မာပြည်ကို...ချစ်တဲ့ ကောင်မလေး
စကပ်ကလေးနဲ့ လှ....
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်
မြောက်လေတွေ ပျံ့သင်း
နဂါးတွေရဲ့ ခံတွင်းဝကနေ
လကွေးကွေးလေးနဲ့ ဆွေးနေမယ်
စံပယ်ပန်းလေးကိုပန်
ဘ၀အမှန်ကိုမေ့ကွယ်
ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ
တေးတွေကိုလည်း သီပေးမယ်
ချည်ချောထမီလေးနဲ့ ယဉ်
မြန်မာလိုပြော...
ငှက်တွေကူးခတ် ... ငါးတွေပျံသန်း
တယောအိုတစ်လက်.....နဲ့
ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လဲစီးကွယ်
အနီရောင်မြို့ပြထဲက ကျေးလက်ပုံစံနဲ့....
ဘာဖြစ်သေးလဲကွယ်....
လေထဲက... ရဲတိုက်ကြီးကိုဆွဲထုတ်
နင်က ဘုရင်မလုပ်
ငါက အိပ်ဖန်စောင့်လုပ်မယ်
နင့်...လက်ဖျားထိပ်မှာ
ကြယ်တွေ ပွင့်..
နတ်ဘီလူးတွေစစ်လက်နက်တွေချ
ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့်တဲ့ ....
မှော်ရာသီမှာ ...ရင်ဘတ်ထူထူနဲ့
မာနရူး... ရူးနေတဲ့ .....
ငါ..ဟာ အဆိပ်ဆူးလဲဖြစ်ချင်တယ်
လှပြီးသားကွယ်...
သနပ်ခါးလေးနဲ့ လည်း....
ငါ့ အိပ်မက်တွေကို နင်...ပိုင်တယ်
ကတ္တီပါဖိနပ်လေးနဲ့ ...
ပုသိမ်ထီးကလေးကိုဆောင်း
နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလဲ လှစေ
ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့
ပင်လယ်ကြီးကို မျှားကြစို့
သောကြာနေ့မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့
တိုးတိုးလေးပဲပြောပါကွယ်.....
တိတ်တိတ်ကလေးနားထောင်မယ်.....
ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့
ရေငတ်နေတာ ကြာပေါ့....။
အိုင်ယာလန်မလေးရေ....
ညောင်ရေအိုးထဲက ရေတစ်စက်နဲ့....
ငါ့ အသက်ကိုဆက်ပါ ....။
မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့...
ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း
ငါ ... မနေ့ကအင်္ကျီကိုပြောင်းပြန် ..ပြန်ဝတ်တယ်
ကာရန်မညီလဲ...ချစ်ပါရစေ
အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်.....
နာမည်ပေး ကင်ပွန်းတပ်ကို....
(၁၃) ရက်နေ့ မှာလုပ်မယ်..... ။
(၁၄) ရက်နေ့မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်......... ။
ရင်ခွင်ရှိန်း